လိပ်သိုမြို့တွင် သမ္မာကျမ်းစာတော်မြတ်နေ့ အထူးဆုတောင်းဝတ်ပြုပွဲနှင့် ကျမ်းစာရွတ်ပြိုင်ပွဲ ပြုလုပ်

လိပ်သို ဩဂုတ် ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဂေခိုဂေဘားနှစ်ခြင်းသာသနာ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲမှစတင်၍ သမ္မာကျမ်းစာတော်မြတ်နေ့ အထူးဝတ်ပြုဆုတောင်းပွဲနှင့် ကျမ်းစာရွတ်ပြိုင်ပွဲ ဓမ္မသီချင်းဆိုပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆုတောင်းဝတ်ပြုပွဲတွင် သမ္မာကျမ်းစာတော်မြတ်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ဖတ်ကြားခြင်း၊ သမ္မာကျမ်းစာတော်မြတ်၏ သမိုင်းကြောင်းနှင့် လေ့လာမှတ်သားသင့်သည်များအား သွန်သင်ခြင်း၊ အပြန်အလှန်ဖတ်ကြားခြင်း၊ တရားဒေသနာတော်ဟောကြားခြင်း၊ ဆုတောင်းကောင်းချီးပေးခြင်း၊ ဓမ္မတေးများဖြင့် သီဆိုချီးမွမ်းခြင်း၊ ပွဲတော်မင်္ဂလာခံယူဝတ်ပြုဆုတောင်းခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဓမ္မပညာဌာနမှ ကလေးသူငယ်များက သမ္မာကျမ်းစာရွတ်ဖတ်ခြင်း၊ တေးသရုပ်ဖော်သီဆိုချီးမွမ်းခြင်း၊ ကျမ်းစာရွတ်ပြိုင်ပွဲပြုလုပ်ခြင်း၊ နှစ်ဦးသံစုံသီချင်းဆိုပြိုင်ပွဲပြုလုပ်ခြင်းနှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)