မုံရွာ ဩဂုတ် ၁၉
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက မကြာမီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူတော့မည်ဖြစ်ရာ အဆိုပါလုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး အလွန်ပင်တာဝန်ကြီးမားသဖြင့် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ အစီအမံကောင်းများ၊ နည်းပညာများ အသုံးပြုစေကာမူ စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက်များက သန်းခေါင်စာရင်းမေးခွန်းပါ အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်နှင့် ကျွမ်းကျင်ပိုင်နိုင်စွာကောက်ယူနိုင်မှသာလျှင် အရည်အသွေးကောင်းမွန်ပြီး အောင်မြင်တဲ့ သန်းခေါင်စာရင်း ဖြစ်လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းသည် တိုင်းဒေသကြီးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းမှာ အလွန်အရေးကြီးသည့် အခန်းဏ္ဍမှာဆောင်ရွက်ရမဲ့သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက် လာကြတဲ့ သင်တန်းသားများဟာ သက်ဆိုင်ရာ ခရိုင်အလိုက် ဆင့်ပွားသင်တန်း ပြန်လည်ပို့ချပြီး သန်းခေါင်စာရင်းရည်ရွယ်ချက်ပါအတိုင်း အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရမည့်သူများဖြစ်တဲ့အတွက် သင်တန်းကို အလေးအနက် ထား တက်ရောက်စေချင်ပါကြောင်း သန်းခေါင်စာရင်းလုပ်ငန်းဟာ နိုင်ငံတော်အတွက်အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့ကြရလို့ ဂုဏ်ယူကြရမှာဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်ပြီးမြောက်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့နှင့် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းသားများ အနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းအောင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြု ချက်များအပေါ် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စာရင်းစစ်/စာရင်းကောက်(၁၀၀၀)ဦး ခန့်အပ်တာဝန်ပေးသွားမှာဖြစ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင်(၁၄)ခုရှိ မြို့နယ် (၂၆)မြို့နယ်၌ စာရင်းကောက်ကွက်ပေါင်း(၂၀၂၃)အား တစ်ပြိုင်တည်း ကောက်ယူသွားမှာဖြစ်ကာ သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းများ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး တိုင်းရင်းသား ဘာသာစကားများဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Bill Board စိုက်ထူခြင်းများ ဆောင်ရွက်ထားပြီးဖြစ်သလို သန်းခေါင်စာရင်း အုပ်ချုပ်မှုဆိုင်ရာ သင်တန်း (၇)ကြိမ်နှင့် ဗဟိုနည်းပြသင်တန်း ဖွင့်လှစ်သင်ကြားထားပြီးဖြစ်ကြောင်းနှင့် ယခုတိုင်းဒေသကြီး အဆင့် နည်းပြသင်တန်းတွင် နည်းပြ (၃)ဦးနှင့် သင်တန်းသားသင်တန်းသူ(၅၀)ဦးအား ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ(၃၀)ရက်နေ့အထိ (၁၀)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)