လှိုင်းဘွဲ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် စည်ပင်သာယာမြို့မဈေး၊ ယာယီပျံကျဈေးနှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မျိုးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ကျော်လွင်၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ကျန်းမာရေးဆရာမများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တို့က စည်ပင်သာယာမြို့မဈေး၊ယာယီပျံကျဈေးနှင့် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း MASK များ အခမဲ့ဖြန့်ဝေခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖြင့် လက်ဆေး စေခြင်း၊ လူစုလူဝေး ရှောင်ကြဉ်ခြင်းနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါလှုပ်ရှားမှုကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ဒေသတွင်းကူးစက်မှု လျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ရောဂါ ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်လာစေပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)