ပွင့်ဖြူ ဩဂုတ် ၁၉
ဝါခေါင်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာမှာရှိတဲ့ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီးဟာ နေ့ထူးနေ့မြတ်၊ ခါကြီးရက်ကြီးတွေမှာ ရပ်ဝေးရပ်နီးက ဘုရားဖူးလာရောက်ကြတဲ့သူတွေနဲ့ အရမ်းစည်ကားပါတယ်။ ဒီနေ့ဆိုရင်လဲ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါခေါင်လပြည့်နေ့ဖြစ်တာကြောင့် ရပ်ဝေးရပ်နီးက ဘုရားဖူးလာတဲ့သူတွေများလို့ အလွန်စည်းကားလျက်ရှိနေပါတယ်။ ဘုရားဖူးလာကြတဲ့ ဧည့်သည်တွေက ဘုရားကြီးကို ဦးခိုက်ဖူးမြော်ကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်ကြတယ်။ သက်ကြီးဘိုးဘွားတွေကတော့ ဘုရားကြီးကို ဦးခိုက်ဖူးမြော်ကြပြီး ဘုရားရင်ပြင်တော်မှာရှိတဲ့ နားနေပြဿဒ်ဆောင်တွေမှာ တရားဘာဝနာပွားများအားထုတ်ကြတာပေါ့ဗျာ။ တစ်ချို့ဘုရားဖူးဧည့်သည်တွေကတော့ ဘုရားအနီးမှာရှိတဲ့ ငါးကန်မှာ ငါးစာ၊ လိပ်စာကျွေးမွေးပြီး ကုသိုလ်ယူကြတယ်။ နောက်ပြီး ဝါတွင်း (၃)လကြာ ဘုရားကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနေချိန်လည်းဖြစ်လို့ ဒေသခံပြည်သူတွေနဲ့ အနယ်နယ်အရပ်ရပ်က လာရောက်ဈေးရောင်းကြတဲ့ ဈေးသည်တွေလည်း ဈေးရောင်းကောင်းကြပြီး လုပ်ငန်းအဆင်ပြေကြတာပေါ့။ ဘုရားဖူးပြည်သူတွေကိုလည်း စိတ်အေးချမ်းစွာနဲ့ ဖူးမြော်နိုင်အောင် ဂေါပကအဖွဲ့က ကူညီဆောင်ရွက်ပေးပါတယ်”ဟု အဆိုပါ စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားဂေါပအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးကြည်စိုးက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာကျောင်းတော်ဘုရားကြီးသည် ကောဇာသက္ကရာဇ် ၄၅၈ ခုနှစ်၊ ခရစ်နှစ်သက္ကရာဇ် ၁၀၉၇ ခုနှစ်တွင် မဏိစည်သူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် စေတီတော်ကြီးဖြစ်ပြီး မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ရဟန္တာ (၅၀၀)ခြံရံပြီး ခုနှစ်ရက်တိုင်တိုင် သီတင်းသုံးနေထိုင်ခဲ့သည့် သာသနာ့သမိုင်းဝင်ဘုရားကြီးဖြစ်သည့်အတွက် မြန်မာပြည်၏ သာသနာ့သမိုင်းဝင် ဗုဒ္ဓဂါယာဖြစ်၍ ယခုကဲ့သို့ နေ့ထူးနေ့မြတ်များတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များက စိတ်ဝင်တစား လာရောက်ဖူးမြော်ကြလေ့ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)