နတ်မောက်မြို့နယ်၊ မရိုးတောကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ

နတ်မောက် ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ  အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က မရိုးတောကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးကျော်ဆန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး ခရိုင်ဦးစီးမှူးက မရိုးတော ကျေးရွာရှိ သင်တန်းသားများအနေဖြင့် သင်တန်းပြီးမြောက်ပါက သင်တန်းမှရရှိသည့် အတတ်ပညာများအား လက်တွေ့ပြန်လည်အသုံးချရန်၊ သင်တန်းသားများအနေဖြင့်  မိရိုးဖလာတောင်သူ လုပ်ငန်းအပြင် မိသားစုဝင်ငွေတိုးပွားရေး ဆိုင်ကယ်ပြင်ပညာရပ်ဖြင့် တစ်ဖက်တစ်လမ်းမှ လုပ်ကိုင် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ သင်တန်းသားများအား သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို  မကွေးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  အသီးသီးပေးအပ်ခဲ့သည်။                        

အဆိုပါသင်တန်းတွင် မရိုးတောကျေးရွာမှ သင်တန်းသား (၂၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ  ဩဂုတ်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျွမ်းကျင်သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့(အခမဲ့) သင်ကြားပို့ချပေးခဲ့ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။

မူမူစန်း