မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် သရက်မြို့တွင်ကျင်းပသည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

သရက် ဩဂုတ် ၁၈

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉  နာရီတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်သူဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့်တာဝန်ရှိသူများက ကျောင်းအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ ပညာရေးဌာနပြခန်း၊ အစိုးရစက်မှုလက်မှုသိပ္ပံပြခန်း၊ စိုက်ပျိုးရေးဦးစီး ဌာနပြခန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ သစ်တောဦးစီးဌာနပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ ကျောင်းစာကြည့်တိုက်၊ ဂိမ်းကစားပြိုင်ပွဲများနှင့် စာအုပ်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ရေသန့်ဘူးနှင့်စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းအစီအစဉ်ကို သရက်ခရိုင်ခန်းမ၌ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီ သီချင်းဖြင့်ဖျော်ဖြေကာ ဖွင့်လှစ်ခဲ့ပြီး စာပဒေသာဝေဆာစေမည် Video Clip အား ပြသခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကိုအခြေခံ၍ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသူ၊ ကျောင်းသား၊ လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်၍ ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူမည့်သူများဖြစ်သည့်အတွက် ဗလငါးတန်ပြည့်စုံဖို့လိုကြောင်း၊ ယနေ့ပွဲတော်သည် ဗလငါးတန်ထဲမှ “ဉာဏဗလ” ကို ဖွံ့ဖြိုးတိုးတက်စေဖို့ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် ပွဲတော်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေနဲ့ ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို အားပေးမြှင့်တင်ဖို့လိုအပ်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ “ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု”ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်း ကျောင်းစာကြည့်တိုက်ကို စိတ်ဝင်တစားအသုံးပြုလာတာနဲ့အမျှ စာပေကိုခင်တွယ်တန်ဖိုးထားတတ်သည့်စိတ်တွေ ဖြစ်ထွန်းလာမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရည်မြင့်မားမှသာ မိမိဘဝတိုးတက်မည်ဖြစ်သည်ကို သိရှိနားလည်ရန်လိုအပ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်ကိုအသုံးပြုသည့် အလေ့အထကောင်းများရှိလာစေရေး တွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြင့် ဗဟုသုတပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်စေရေး”  နိုင်ငံတော်ရဲ့ အရေးကြီးတာဝန်တစ်ရပ်အဖြစ် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး စာပေဟောပြောပွဲတွင် ပါဝင်ကူညီခဲ့သည့်  စာရေးဆရာ အောင်ကျော်စိုး(သရက်)အား အမှတ်တရလက်ဆောင်ပေးအပ်ခြင်း၊ စာပေဆိုင်ရာ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စကားရည်လုပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ သီဆိုဖျော်ဖြေခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်းခဲ့သည်။ 

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဩဂုတ်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပခဲ့ပြီး အဆိုပါပွဲတော်တွင် စာဖတ်ဝိုင်း၊ စာပေဆိုင်ရာ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ဂိမ်းကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရက်ခရိုင် ပြန်ဆက်