မြိတ် ဩဂုတ် ၁၉
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ဦးဆောင်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် သံဃနာယကအဖွဲ့(သုဓမ္မာ) ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကော်မတီမှ ကြီးမှူးကျင်းပခဲ့သော (၃၉)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတွင် အောင်မြင်ခဲ့ကြသော အထူးအောင်ဆုနှင့် အောင်လက်မှတ်ချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
အထူးအောင်ဆုနှင့် အောင်လက်မှတ်ချီးမြှင့်ပွဲကို ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿဗုဒ္ဓပဏာမဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြပြီး ဧည့်ရိတ်သတ်အပေါင်းတို့က မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏလင်္ကာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး သြဝါဒများနာယူခဲ့ကြသည်။
ထို့နောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတွင် သုံးဘာသာအထူးအောင်ဆု(၄)ဆု၊ ယဉ်ကျေးမှုကျင့်ဝတ်ဘာသာအထူးအောင်ဆု(၄)ဆု၊ မြန်မာစာဘာသာအထူးအောင်ဆု(၄)ဆု၊ အခြေခံအဘိဓမ္မာဘာသာအထူးအောင်ဆု (၄)ဆုရရှိကြသူများကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များက ပေးအပ်ချီးမြှင့်ခဲ့ကြ၍ စာဖြေဌာနအလိုက် အောင်လက်မှတ်များနှင့် ဆရာဆုများကို လေးကျွန်းဆီမီးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာ တရား များနာယူခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဆုချီးမြှင့်ပွဲကို သာသနာ့အဓိဌာန်သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ (၃၉) ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲတွင် စာဖြေဌာန(၈)ခုမှ လူငယ်မောင်မယ် (၅၁၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ (၄၉၂)ဦးအောင်မြင်ခဲ့ကြကြောင်း စာမေးပွဲကော်မတီမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)