လွိုင်ကော် ဩဂုတ် ၁၈
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော ကယားပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၊ ဧည့်ရိပ်သာခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။
ယင်းသို့ပေးအပ်လှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က စားသောက်ဖွယ်ရာများပေးအပ်ရာ ဒေသကွပ်ကဲရေးမှူးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်သံယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူးက စားသောက်ဖွယ်ရာများပေးအပ်ရာ ရှေ့တန်းအမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ် အမှတ် (၆၆) နည်းဗျူဟာမှူးက လက်ခံရယူခဲ့ပြီး ဒေသကွပ်ကဲရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါစားသောက်ဖွယ်ရာများအား ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ ကယားပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ဂုဏ်ပြုစားသောက်ဖွယ်ရာများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ် (၂၁၈) သိန်း ဖြစ်ကြောင်း သတင်းရရှိသည်။
ကိုဇင်(လွိုင်ကော်)