ဘိုကလေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးဖြင့် အောင်မြင်ကြသူများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/မများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

ဘိုကလေး ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ ၂၀၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား/သူများနှင့် မြို့နယ်တွင်းရှိ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပို့ချခဲ့သော ဆရာ/များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့နံနက်(၉)နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ကျင်းပဆောင်ရွက်သည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်ပညာရေးမှူး ဦးဝင်းအောင်၊ ဘိုကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆုလက်ခံရယူမည့် ထူးချွန်ကျောင်းသား/သူများ၊ ဆရာ/မများ၊ အခြေခံပညာကျောင်းများ၊ ကျောင်းသားမိဘများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ အင်အား(၀၀)ကျော် တက်ရောက်ကြသည်။

အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ပညာရည်ချွန်ဆုနှင်းသဘင်သီချင်းသီဆို၍ ဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ထူးချွန်ကျောင်းသား/သူများအနေဖြင့် စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သည်နှင့်အညီ ဆက်လက်လျှောက်လှမ်းရမည့် ဘဝအနာဂတ်ခရီးတွင်လည်း စာသင်ခန်းတွင် ကြုံတွေ့ခဲ့ရသည့် အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟူသည့် ဆောင်ပုဒ်ကို မမေ့မလျော့ဘဲနေထိုင်သွားရန်လိုအပ်ကြောင်း၊ မိဘဆရာသမားများ၏ ပြောဆိုဆုံးမမှုများနှင့်အညီ ကောင်းမွန်သည့် စည်းကမ်းများ၊ ကိုယ်ကျင့်တရားများနှင့် ကြိုးစားအားထုတ်ခဲ့သောကြောင့် ယခုကဲ့သို့ အောင်မြင်ထူးချွန်ခဲ့ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်ပညာရေးမှူး ဦးဝင်းအောင်က ပညာရေးဌာနသည် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရာ ဌာနတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ အနာဂတ်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာအားဖြည့်ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ ဘိုကလေးမြို့နယ်အနေဖြင့် ယခုနှစ်ဂုဏ်ထူးရသည့် ပမာဏထက်နောင်နှစ်များတွင် ဂုဏ်ထူးရရှိသူ ပိုမိုများပြားစေရေး ကျောင်းသား၊ ဆရာ၊ မိဘများ တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းအမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ ဦးဝင်းအောင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဥက္ကဋ္ဌ၊ ဒေါ်သီတာမျိုးနှင့် အဖွဲ့ဝင်များမှ (၅)ဘာသာ၊ (၄)ဘာသာ၊ (၃)ဘာသာ၊ (၂)ဘာသာ၊ (၁)ဘာသာ ဂုဏ်ထူးရှင်(၆၆)ဦး၊ အောင်ချက်အကောင်းဆုံး ကျောင်း(၆)ကျောင်း၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ/မ(၄၄)ဦးတို့အား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မိုးစက်