ရေနံချောင်းမြို့ အ.ထ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရေနံချောင်း ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသားကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အထက() ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးသိမ့်သိမ့်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသားကျောင်းသူလေးများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူအများရှေ့တွင် စကားပြောစွမ်းရည်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိကာ အနာဂတ်နိုင်ငံတော်အတွက် သားကောင်းသမီးကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ဦးဆောင်ကာ အ.ထ.က(၂)ကျောင်း Grade-11 မှ မမြတ်ဝတ်ရည်‌သော်က လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ မခင်ကြည်သာက လူငယ်နှင့်ကြီးပွားရေး၊ Grade-10 မှ မောင်ဖုန်းပြည့်အောင်က လူငယ်နှင့်အင်တာနက်၊ မပိုးအိမ်ခြူးက လူငယ်နှင့်ကျန်းမာရေး၊ Grade-9 မှ မောင်မြတ်ဘုန်းပြည့်က လူငယ်နှင့်ပညာရေး၊ မအိသူဝေက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)