မုံရွာ သြဂုတ် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ ရက်သတ္တ ပတ်နှင့်အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာပေါ်ရှိလူသားအားလုံးသည် မွေးဖွားလာစဉ်စင်မှစတင်၍ အသက်ဆက်လက်ရှင်သန်ရေး ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုများအတွက် အစာအဟာရများအား မှီဝဲစားသုံးကြမည်ဖြစ်ပါကြောင်း၊ အဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုမှစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍတွင် တည်ရှိပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ကျန်းမာကြံ့ခိုင်သည့် အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အခြေခံကျပြီးအရေးပါသည့် အဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ ရက်သတ္တပတ်နှင့်အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု Video Click အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော မိခင်များအား ဂုဏ်ပြုအမှတ်တရ လက်ဆောင်များအား ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်းကျင်းပြသထားသည့် ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနေ့ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသက်(၅)နှစ်အောက်ကလေးငယ်များအား အင်အားပြည့် ဗီတာမင်အေဆေးလုံးများတိုက်ကျွေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား သံဓါတ်အားဆေးနှင့်အဟာရဖြည့်စာများ ပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး၊ ဆရာဝန်ကြီးများနှင့် သူနာပြုများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများနှင့် မွေးကင်းစကလေးငယ်များအား အဟာရဖြည့်ဆွက်စာများအား လိုက်လံပေးအပ်ခဲ့ကြပြီး အားပေးစကားများပြောကြားကာ ကုသရေးလုပ်ငန်းမျးနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)