ပုသိမ် ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး (၂၀၂၄)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကိုယ်ဝန်ဆောင်များနှင့် ရင်သွေးမိခင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ကမ္ဘာပေါ်တွင်ရှိသည့် လူသားအားလုံးသည် မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရကို မှီဝဲစားသုံးကြရခြင်းဖြစ်ပါကြောင်း၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍမှာ တည်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံသည် အာဟာရစောင့်ရှောက်မှု လုပ်ငန်းများကို(၁၉၅၄)ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း(၇၀) တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို ဩဂုတ်လတစ်လလုံး ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှာ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ပြီး ဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်တစား ပါဝင်ဆောင်ရွက်လာပြီး အာဟာရပြည့်ဝ ကျန်းမာစေသည့် အသိပညာ၊ အမူအကျင့်များပိုမိုကောင်းမွန်မှန်ကန်လာစေပြီး ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေလည်း ပိုမိုကောင်းမွန်မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေးရက်သတ္တပတ်များအနေဖြင့် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်အတွက် နှစ်စဉ်နှစ်တိုင်း ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းဆောင်ပုဒ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရွေးချယ်ပေးပြီး ကျင်းပလေ့ရှိရာတွင် ယခုနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်မှာ “မိခင်နို့တိုက်ကျွေးဖို့ အားလုံးကူညီပံ့ပိုးစို့”ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးအတွက် အဓိကဆောင်ရွက်ရန်လိုအပ်သည့် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်သူလူထုအသိပညာတိုးတက်စေရန် ရည်ရွယ်ကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရင်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အခမ်းအနားကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ဦးတည်ချက်(၉)ရပ်မှ လူမှုရေးဦးတည်ချက်တွင်လည်း တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရွက်ရေးတို့ ပါဝင်သောကြောင့် ကျန်းမာကြံ့ခိုင်သည့် အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်စေဖို့ အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းပါကြောင်း” အဖွင့်အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စံပြမိခင်ဆု ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက စံပြမိခင်အထူးဆုရရှိသူများလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၅)နှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သန်ချဆေးများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဆေးဝါးများကိုလည်းကောင်း တိုက်ကျွေးခဲ့ပြီး အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့် အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကာ (၂၀၂၄)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က ဦးစီးကျင်းပသည့် ၂၀၂၄ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် တန်ဖိုးသင့်အာဟာရအချက်အပြုတ်ပြိုင်ပွဲ အခမ်းအနားကျင်းပရာ မိခင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်များ၊ မိခင်များ ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက တန်ဖိုးသင့်အာဟာရ အချက်အပြုတ်ပြိုင်ပွဲနှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြိုင်ပွဲစည်းကမ်းများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး မိခင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့်တာဝန်ရှိသူများက ခရိုင်(၈) ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၏ တန်ဖိုးနည်းအာဟာရ အချက်အပြုတ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ခရိုင်(၈) ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၏ တန်ဖိုးနည်းအာဟာရ အချက်အပြုတ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ခရိုင်များနှင့် အမှတ်ပေးဒိုင်များအား ဆုနှင့်လက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)