အင်းတော် နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော တာပေါကျေးရွာအုပ်စု တာပေါကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတုတ္ထစက်ဝန်းကာလ ချေးငွေများကို ယမန်နေ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာကျောင်းဆောင်တွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း ( ၂၆ ) ရွာ ဆောင်ရွက် ထားရှိခဲ့ရာ တာပေါကျေးရွာအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး ယခုနှစ်တွင် စတုတ္ထနှစ်စက်ဝန်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ကျေးရွာသူ ကျေးရွာသား များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် အစီအမံများပြုလုပ်ဆောင်ရွက်၍ မြစိမ်းရောင် ကျေးရွာ စီမံကိန်းချေးငွေများကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း၊ တာပေါကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ချေးငွေဖြင့် လုပ်ငန်းဆောင်ရွက်မည့်သူများမှာ စိုက်ပျိုးရေး လုပ်ငန်းတွင် ၈၀ ဦး၊ မွေးမြူရေးလုပ်ငန်းတွင် ၃၆ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် ၁ ဦး စုစုပေါင်း ၁၁၇ ဦး ရှိပြီး ချေးငွေကျပ်သန်း ၄၁ ဒဿမ ၄ သန်းအား ဆောင်ရွက်မည့် လုပ်ငန်းများအလိုက် ချေးငွေများကို ထုတ်ပေးခဲ့ကြောင်း အင်းတော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောနိုင်ဦးက ပြောပြခဲ့သည်။
အင်းတော်မြို့နယ် အနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ယနေ့အထိ ကျေးရွာပေါင်း ( ၂၆ ) ရွာတွင် ဆောင်ရွက်ထားရှိပြီး ယခုလာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာ ( ၂ ) ရွာ ထပ်မံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်သီဟ