ကြံခင်း ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်မူခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့မရဲစခန်းမှ ဒုရဲအုပ် အောင်အောင်က မူခင်းကျဆင်းရေးလုပ်ငန်းစဉ်(၅)ရပ်အားလည်းကောင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်တိုက်မှုကို ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရင်းများ၊ ယာဉ်မတော်တဆမှုအမှား၊ အမှန်များ၊ ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်မဖြစ်ပေါ်စေရေး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများများက သိရှိလိုသည်များကို မေးမြန်းရာ ဒုရဲအုပ် အောင်အောင်က ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)