၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း နည်းပြ သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူတော့မည်ဖြစ်ရာ အဆိုပါလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး အလွန်ပင်တာဝန်ကြီးမားသဖြင့် အလေးအနက်ထား ဆောင်ရွက်ကြစေလိုကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ အစီအမံ ကောင်းများ၊ နည်းပညာများ အသုံးပြုစေကာမူ စာရင်းကောက်ယူမည့် စာရင်းစစ်/စာရင်းကောက်များက သန်းခေါင်စာရင်းမေးခွန်းပါ အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်နှင့် ကျွမ်းကျင်ပိုင်နိုင်စွာ ကောက်ယူနိုင်မှသာလျှင် အရည်အသွေးကောင်းမွန်ပြီး အောင်မြင်တဲ့ သန်ခေါင်စာရင်း ဖြစ်လာမှာဖြစ်ကြောင်း တိုင်းဒေသကြီးနည်းပြသင်တန်းသားများအနေဖြင့် ပေးအပ်ထားသည့် တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဝင်းဦးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ သက်ဆိုင်ရာကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း စာရင်းစစ်/စာရင်းကောက် (၄၂၅၉)ဦး ခန့်အပ်တာဝန်ပေးသွားမှာ ဖြစ်ပြီး ခရိုင်()ခု၌ စာရင်းကောက်ကွက်ပေါင်း (၁၁၅၄၀)အား တစ်ပြိုင်တည်း ကောက်ယူသွားမှာဖြစ်ကာ သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းများ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး တိုင်းရင်းသား ဘာသာစကားများဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Bill Board စိုက်ထူခြင်းများ ဆောင်ရွက်ထားပြီးဖြစ်သလို သန်းခေါင်စာရင်း အုပ်ချုပ်မှုဆိုင်ရာ သင်တန်း()ကြိမ် ဖွင့်လှစ်သင်ကြားထားပြီးဖြစ်ကြောင်း သတင်းရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)