ကယားပြည်နယ်ဝန်ကြီးချုပ်  တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးကာလ သီရိမင်္ဂလာဈေး တည်ဆောက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများအား သွားရောက် ကြည့်ရှုစစ်ဆေး

လွိုင်ကော်  သြဂုတ် ၁၈

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊  ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများနှင့် ဆရာ၊ ဆရာမဝန်ထမ်းအိမ်ရာများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင် ဆောင်ရွက်ရန် လိုအပ်သည်များ အမြန်ပြန်လည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ ကျောင်းဝန်းအတွင်း သန့်ရှင်းသာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာ(ယာယီ) ဈေးသို့ သွားရောက်၍ ဈေးအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြည်သူများအား သက်သာသောနှုန်းထားဖြင့် စားသုံးဆီရောင်းချပေးနေသည့် အခြေအနေအား ကြည့်ရှုခဲ့ပြီး သတ်မှတ်နှုန်းထားအတိုင်း ရောင်းချနေမှုရှိမရှိနှင့် ဆီသုံးစွဲဝယ်ယူလျက်ရှိသော ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။ သိရိမင်္ဂလာဈေးအတွင်း ပြည်သူများ အား လွယ်ကူသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နေ့စဉ်ဆီပိဿာ(၂၀၀၀)ခန့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်းနှင့် ဝန်ထမ်းများနေထိုင်ရာ နေရာများသို့ မော်တော်ယာဉ်ဖြင့် လိုက်လံဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

ထို့နောက် ယာယီဈေးအတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ပြီး သီရိမင်္ဂလာ‌ဈေးအသစ်တည်ဆောက်ရေး လုပ်ငန်းခွင်သို့သွားရောက်၍ ဈေးဆိုင်ခန်း တည်ဆောက်နေမှု ၊ အုတ်မြစ်ချလုပ်ငန်း ၊ သံထည် လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် လုပ်ငန်းများ ပြီးစီးနိုင်မည့် အခြေအနေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ ကာ ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးများပြည့်မီစေရေးနှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားကြရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်- ပွန်ချောင်း- ရှားတော မြို့အဝင် လမ်းမကြီး‌တစ်လျှောက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှုနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရုံးများပြန်လည်ဖွင့်လှစ် နိုင်ရေး၊ ဝန်ထမ်းများ ပြန်လည်နေရာချနိုင်ရေးနှင့် လမ်းမပေါ်ရှိ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား(က)ရပ်ကွက်ရှိ ခရစ်တော်ဘုရင်ဘုရားကျောင်းသို့ သွားရောက်၍ ဘုရားကျောင်းဝန်းအတွင်း တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက် အမှောင့် ဆောင်ရွက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကျောင်း အဆောက်အအုံ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခရစ်ယာန်ဘာသာဝင် ပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းနိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်ပေးနိုင်သည်များကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)