ကဝမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်လှုပ်ရှားမှုများဆောင်‌ရွက်

ကဝ ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ်လှုပ်ရှားမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ဩဂုတ်လ (၁၄)ရက်နေ့နံနက်ပိုင်းက မကျက်ကြီးကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နော်အဲကလေးကတက်ရောက်လာသော ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များအား အစာအုပ်စု(၃)အုပ်စုအကြောင်းရှင်းလင်းပြောကြားခဲ့ကာ အာဟာရပြည့်ဝမျှတသည့် အစားအစာများပြင်ဆင်ချက်ပြုတ်နည်းများအကြောင်း အသိပညာပေးခဲ့သည်။

ဆက်လက်၍ သားဖွားဆရာမ ဒေါ်မြင့်ချိုက မိခင်နို့စနစ်တကျတိုက်ကျွေးနည်းကို သရုပ်ပြသင်ကြားပေးခြင်း၊ ငါးနှစ်အောက်ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ လက်မောင်းလုံးပတ်တိုင်းတာခြင်း၊ ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇော်ဟိန်း(ပြန်/ဆက်)