ညောင်တုန်း ဩဂုတ် ၁၇
ဧရာတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ဆားမလောက်ကျေးရွာ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဇော်လွင်က အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို နည်းစနစ်တကျ လေ့လာသင်ယူပြီး အကျိုးရှိစွာအသုံးပြုရန်လိုကြောင်း အဖွင့်အမှာစကားပြောကြား၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဦးက ယခုဖွင့်လှစ်သည့်သင်တန်းသည် နိုင်ငံတော်မှအသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစေရေးတို့အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် ဦးစိုးတင့်မှ ကျေးလက်နေမိသားစုများ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးဆောင်ရွက်ပေးသည့်အတွက် တာဝန်ရှိသူများအား ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားသည်။
အဆိုပါ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းတွင် သင်တန်းနည်းပြ(၂)ဦးဖြင့် သင်တန်းသား(၁၀)ဦးအား ဩဂုတ်လ (၁၆) ရက်နေ့မှ စက်တင်ဘာလ (၁၄) ရက်နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ထူးချွန်သင်တန်းသား(၅)ဦးအားရွေးချယ်၍ စက်တင်ဘာလ (၂၀) ရက်နေ့မှ အောက်တိုဘာ (၄) ရက်နေ့ထိ မွမ်းမံသင်တန်းဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)