သာပေါင်းမြို့နယ်တွင် ရွေရောင်မော်ကွန်း(ကိုယ်ပိုင်အထက်တန်းကျောင်း)၌  လူငယ်စကားဝိုင်း၊ လူငယ်ရေးရာဟောပြောပွဲ၊ ဥာဏ်စမ်းပြိုင်ပွဲများကျင်းပ

သာပေါင်း ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လူငယ်စကားဝိုင်း၊ လူငယ်ရေးရာဟောပြောပွဲ၊ ဥာဏ်စမ်းပြိုင်ပွဲများကို လှေကြီးတတ် ကျေးရွာအုပ်စု၊ လှေကြီးတတ်ကျေးရွာ၊ ရွေရောင်မော်ကွန်း(ကိုယ်ပိုင်အထက်တန်းကျောင်း)မော်ကွန်းခန်းမ၌ ယနေ့ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက ဗလငါးတန်(ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ)နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် လူအများကြား ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့် များဖြစ်လာစေရန်၊ အသိပညာ၊ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးတတ်သည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ အစုအဖွဲ့ဖြင့် ပြောဆိုဆောင်ရွက်မှုများ ရှိလာစေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည် မြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် “လူငယ်စကားဝိုင်း” ကျင်းပပေးရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် “လူငယ်နှင့်စည်းကမ်း”ခေါင်းစဉ်ဖြင့် ကျောင်းသူ မနှင်းအိမ့်ဆည်းဆာ(Grade-11)က စတင်ဆွေးနွေးပြောကြားပြီး”လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့် ကျောင်းသား မောင်ကောင်းဟိန်းဆက်(Grade-11)၊”လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် ကျောင်းသူ မဖြူစင်စု(Grade-11)၊ “လူငယ်နှင့်ကိုယ်ချင်းစာစိတ်”ခေါင်းစဉ်ဖြင့် ကျောင်းသူ မခြူးရတီဇင်(Grade-11)၊ “လူငယ်နှင့်အချိန်”ခေါင်းစဉ်ဖြင့် မမေမဉ္ဇူအောင်(Grade-11)တို့က အသီးသီးဆွေးနွေးပြောကြားကြရာ လူငယ်စကားဝိုင်းသို့ တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏မေးမြန်းချက်များအား ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြ‌ပြီးနောက် ရွှေရောင်မော်ကွန်း(ကိုယ်ပိုင်အထက်တန်းကျောင်း)တည်ထောင်သူ ဆရာဦးညီညီ‌ဇော်က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်ရေးရာဟောပြောပွဲကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ လူငယ်ဘဝ ပညာသင် အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်ရှိရမှာဖြစ်ကြောင်း၊ ရည်မှန်းချက်သည် သားတို့သမီးတို့အတွက် ရှေ့လာမည့်အနာဂတ်ဖြစ်ပါကြောင်း၊ အနာဂတ်မှာ ဘာအတားအဆီး အကန့်အသတ်မှ ရှိတာမဟုတ်တဲ့အတွက် အိပ်မက်ဆိုတာ လူတကာမက်ခွင့်ရှိပါကြောင်း၊ အဲ့ဒါကြောင့် အိပ်မက်ကို သေးသေးကွေးကွေးထက် ကြီးကြီးကျယ်ကျယ်မက်ပြီး ကြိုးစားဖို့လိုပါကြောင်း၊ ရည်မှန်းချက် ထားပြီး မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆနဲ့ အပျော်နောက်ကိုချည်းလိုက်နေရင် လူငယ်ဘဝရဲ့တန်ဖိုးရှိတဲ့ အချိန်တွေကုန်ဆုံးမှာဖြစ်ပါကြောင်း၊ ရည်မှန်းချက်ထားကြိုးစားမှသာ ဘဝမှာတိုးတက်အောင်မြင်မှာ ဖြစ်ပါကြောင်း စသည့်ဖြင့် ဟောပြောခဲ့ပါသည်။

ထို့နောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဥာဏ်စမ်းပြိုင်ပွဲကျင်းပပြုလုပ်ပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နံရံကပ်စာစောင်ပြသခြင်း၊ သုတ/ရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းတို့ကို ဆောင်ရွက် ခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)