အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲပြုလုပ်

အမာ ဩဂုတ် ၁၇

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် သံဃာတော် (၄) ပါးပင့်ဖိတ်ခဲ့ပြီး ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီးနောက် အမာမြို့၊ ဥတ္တရာရုံကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးဦးသုဂန္ဓက ဝါဆိုသင်္ကန်းကပ်လှူရခြင်းနှင့် မြတ်သောအလှူဒါန၏ လှူဒါန်းရရှိပုံများအား ချီးမွမ်းပြောဆိုပြီး တက်ရောက်လာကြသူများမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်ပေးကြသည်။ ဆက်လက်ပြီး အ.ထ.က (အမာ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းနှင့် ဆရာမများမှ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူပွဲသို့ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးပြည့်စုံဝင်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းကော်မတီ ဝင်များနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမာ (ပြန်/ဆက်)