တနင်္သာရီမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူအားလုံးဆေး တိုက်ကျွေးခြင်း လုပ်ငန်းပူးပေါင်းဆောင်ရွက်

တနင်္သာရီ ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ “သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါမှကင်းဝေးစေရန်ရည်ရွယ်လျက်ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားတတ်သည့် ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို  ယမန်နေ့ညနေ ၅ နာရီမှ ၈ နာရီအတွင်း မြို့နယ်ဆေးတိုက်အဖွဲ့ ၁၀ ဖွဲ့ဖြင့် ချောင်းကြီးရပ်ကွက်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်လံ၍ သတ်မှတ်အုပ်စုများအတိုင်း လိုက်လံဆေးတိုက်ကျွေးပေးကြကြောင်း သိရသည်။

အဆိုပါ ဆေးတိုက်အဖွဲ့တစ်ဖွဲ့တွင် (ကျန်းမာရေးဌာနဆရာမတစ်ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး၊ မီးသတ်တပ်ဖွဲ့မှတစ်ဦး၊ အမျိုးသမီးရေးရာအဖွဲ့မှတစ်ဦး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှတစ်ဦး၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၊ ရပ်ကွက်/ကျေးရွာမှ ရာအိမ်မှူး(သို့) ဆယ်အိမ်မှူးတစ်ဦးစီတို့ ပါဝင်ကြပြီး မြို့နယ်အတွင်းဆေးတိုက်အဖွဲ့ ၁၀ ဖွဲ့က ထိုသို့တိုက်ကျွေးစဉ်တွင် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးသောက်ခြင်း၏ အကျိုးကျေးဇူးနှင့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို ပညာပေးဆွေးနွေးပေးကြပြီး တစ်ဖွဲ့လျှင် တစ်ရက်တွင်အိမ်ခြေ ၅၀ စီဖြင့် သုံးရက်တိတိ လူကုန်ဆေးတိုက်ကျွေးပေးကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးတိုက်အဖွဲ့များအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနွေးဟေမာသင်းက ဆင်ခြေထောက်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာ သင်တန်းကို (၁၄-၇-၂၀၂၄) နေ့က ဆင်ခြေထောက်ရောဂါဖြစ်စဉ်အကြောင်း၊ ဆင်ခြေထောက်ရောဂါ ကူးစက်ခံနိုင်သည့်လူ၊ ဆေးတိုက်ကျွေးရမည့် အသက်အုပ်စုများနှင့် ဆေးမတိုက်ကျွေးရသူများ၊  ဆေးတိုက်ကျွေးရာတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များ၊ ဆင်ခြေထောက်ဆေးသောက်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဘေးထွက်ဆိုးကျိုးများ၊ ဆေးတိုက်ပြီး ဆေးတုံ့ပြန်မှုလက္ခဏာများကို ပြန်လည်လေ့လာခြင်း၊ ဆင်ခြေထောက်လက္ခဏာကြီးထွားလာမှု၊ ဆေးတိုက်အဖွဲ့ ဖွဲ့စည်ခြင်းနှင့် ဆေးတိုက်ကျွေးခြင်းစာရင်း မှတ်တမ်းပုံစံဖြည့်စွက်နည်းများကို Power Point ဖြင့် အသေးစိတ်ဆွေးနွေး ရှင်းလင်းသင်ကြားပို့ချပေးပြီးဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)