ပွင့်ဖြူ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာတိုက်နယ်ဆေးရုံဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ဆေးရုံဥပဓိရုပ်ကောင်းမွန်စေရန်အတွက် ယနေ့နံနက် (၇) နာရီက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းအဖွဲ့က ကျောင်းတော်ရာတိုက်နယ်ဆေးရုံအား သန့်ရှင်းသာယာလှပစေရန်အတွက် ဆေးရုံဝန်း အတွင်းအပြင်ရှိ ပေါင်းမြက်များနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်း၊ ဆေးရုံအဝင်၊ အထွက်လမ်းများ မြေသားညှိ၍ ပြုပြင်ခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်းပြီး ပြည်သူ့အကျိုးပြု သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့ပြနှင့် ကျေးလက်ဒေသ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုလျော့နည်းပြီး သန့်ရှင်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး အပတ်စဉ်(စနေနေ့တိုင်း) မြို့နယ်အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများ၊ အခြေခံပညာစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများသို့ သွားရောက်၍ အရှိန်အဟုန်မပျက် သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )