ကျောင်းကုန်းမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ကျောင်းကုန်း ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဒေါ်သန်းတင်ခန်းမ၌ ယမန်နေ့ နေ့လယ် (၂) နာရီခွဲ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ကျန်းမာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးနိုင်က အာဟာရဖွံ့ဖြိုး‌ရေး ရက်သတ္တပတ်လှုပ်ရှားမှုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၅)နှစ်အောက်ကလေးများအား ဗီတာမင်အေနှင့်သန်ချ‌ဆေး တိုက်ကျွေးခြင်း၊ အသက်(၆)လမှ (၁)နှစ်ထိ ကလေးများအား ဗီတာမင်အေတစ်သိန်း ယူနစ်တိုက်ကျွေးခြင်း၊ အသက်(၁)နှစ်မှ (၅)နှစ်ထိ ကလေးများအား ဗီတာမင်အေ နှစ်သိန်းယူနစ်တိုက်ကျွေးခြင်းနှင့် သန်ချဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ (၃) လအထက်ကိုယ်ဝန်ဆောင်မိခင်များအား သန်ချဆေးတိုက်ကျွေးခြင်း၊ (၈)လအထက်ကိုယ်ဝန်ဆောင်မိခင်များအား ဗီတာမင်ဘီဝမ်းတို့ တိုက်ကျွေးခြင်းဖြစ်သည်။

ထို့နောက် "အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု"Video Clip ဖြင့်ပြသခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးကျန်းမာရေးမြှင့်တင်သူများ၊ အသက် (၅) နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြပြီး၊ မြို့နယ်ကျန်းမာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြက်ဥ၊ အိုင်အိုဒင်းဆား၊ ဗီတာမင်‌အေ၊ ဘီဝမ်း၊ သံဓာတ်အားဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)