သရက်ချောင်းမြို့နယ်အဆင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သရက်ချောင်း ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်)ပြိုင်ပွဲ‌ အောင်မြင်စွာကျင်းပ‌ရေးအတွက် ပြိုင်ပွဲကျင်းပ‌ရေးဦးစီးကော်မတီနှင့် လုပ်ငန်း‌ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌နေ့က သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက (၂၅)ကြိမ်မြောက်‌ ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲအောင် မြင်စွာကျင်းပနိုင်ရေးအတွက်ကော်မတီအသီးသီးမှတာဝန်ရှိသူများ အနေဖြင့် အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်းဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူ အားလုံးမှလည်း ယခင်နှစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများနှင့် ခရိုင်/မြို့နယ်များအတွင်းရှိ ရွက်ပုန်းသီးအနုပညာရှင်များအား ရွေးချယ်ဖော်ထုတ်‌၍ ပြိုင်ပွဲဝင် ဘာသာရပ်အသီးသီးတွင် ကောင်းမွန်စွာ ဝင်ရောက်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့နယ်ကိုယ်စားပြုအဆင့်မှသည် ခရိုင်အဆင့်အထိ အရည်အချင်းပြည့်ဝသည့် အနုပညာရှင် များအား ရွေးချယ်စေလွှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ယခင်နှစ်ပြိုင်ပွဲ အတွေ့ အကြုံကောင်းများအား သင်ခန်းစာယူပြီး ပြိုင်ပွဲမှသတ်မှတ်ပေးထားသည့် ညွှန်ကြားချက်များနှင့် အညီ ယှဉ်ပြိုင်သွားကြရန်နှင့် ကော်မတီအဖွဲ့ဝင်များမှလည်း အကြံပြုဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် အဖွဲ့ဝင်များက ယခင်နှစ် ဆောင်ရွက်ခဲ့သည့်အစီအစဉ်များ၊ ယခုနှစ်ပြိုင်ပွဲများ အောင်မြင်စွာကျင်းပသွားမည့် အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍ အသီးသီးအလိုက် ရှင်းလင်းတင်ပြမှုအပေါ်  မြို့နယ်အဆင့်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)