သရက်ချောင်းမြို့နယ်၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

သရက်ချောင်း ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်း(ပညာရတနာခန်းမ)၌ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းဟောပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မို့မို့အေးက ကျောင်းသား/သူများအား မိမိတို့လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များအကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ၊ အရေးယူနိုင်သည့် ဥပဒေများနှင့် ပုဒ်မများ၊ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ ကျား/မအခြေပြုလုပ်ငန်းများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို  လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ စာအုပ်၊ စာပေများ ဖတ်ရှုခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်း၊ မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတ၊ ရသ၊ စာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်၍ အခမဲ့ငှားရမ်းနိုင်ကြောင်း ရှင်းလင်းပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ပြည့်ဖြိုးပိုင် (ပြန်/ဆက်)