ထားဝယ် ဩဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်း၍ ထားဝယ် ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်တာဝန်ရှိသူများက လှည့်လည်၍ ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ပြည်သူ့ဆေးရုံကြီးလမ်းဘေးဝဲယာနှင့် ပတ်ဝန်းကျင်သန့်ရှင်းသန့်ရပ်လှပစေရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများက ဆေးရုံကြီးဝင်းအတွင်း အမှိုက် သရိုက်များ၊ သစ်ပင်ခြုံနွယ်များနှင့် မြက်ပင်များရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့် ခြုံနွယ်ပိတ်ပေါင်းများအား မြက်ခုတ်စက်ဖြင့်ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ပေးခြင်း ထွက်ရှိလာသော အမှိုက်များအားအမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းပြီး စနစ်တကျ စွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)