ပွင့်ဖြူမြို့၌ ဆေးရုံမိသားစုနေ့ (Hospital Family Day) အခမ်းအနား ကျင်းပ

ပွင့်ဖြူ ဩဂုတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဆေးရုံများတွင် ပြည်သူများ အသုံးပြုမှု ပိုမိုအားကောင်းလာပြီး ဆေးရုံများမှ ဆောင်ရွက်ပေးသော ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ကျင်းပသည့် ဆေးရုံမိသားစုနေ့ (Hospital Family Day) အခမ်းအနားကို ဩဂုတ်လ (၁၅) ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စိုးစိုးနိုင်က ဆေးရုံမှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးဝါးကုသပေးမှုအခြေအနေများ၊ ကျန်းမာရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ဆေးရုံကုသဆောင်များ၌ ဆေးဝါးကုသမှု ခံယူနေကြသည့် လူနာများကို တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး အာဟာရဒါန စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )