မအူပင် ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ မလတ်တိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀) နာရီက လူငယ်စကားဝိုင်း ကျင်းပသည်။
ရှေးဦးစွာ မလတ်တိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်တတ်စေရန်၊ စာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် စာပေချစ်မြတ်နိုးစိတ်များ ရင့်သန်လာစေပြီး အကျိုးရှိသည့် စာကောင်း ပေကောင်းများ ဖတ်ရှုတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအားကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာခိုင်မှ အားကစားနှင့်ပတ်သက်သည့် သိကောင်းစရာများအား ရှင်းလင်ပြောကြားသည်။ ၎င်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက Moderator အဖြစ် ဆောင်ရွက်၍ ကျောင်းသား/ကျောင်းသူများဖြစ်သည့် မသော်တာရွှန်းလဲ့ဝေက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အာကာစိုးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မကြည်နူးခင်က စာဖတ်ခြင်း အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများက ကဏ္ဍအလိုက်သိလိုသည်များအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ မလတ်တို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များအား တာဝန်ရှိသူများက ရှင်းလင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)