မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

မိုးညို   ဩဂုတ်   ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာ‌ပေချစ်မြတ်နိုးသူအသင်းများပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၂) နာရီက စာရေးဆရာအောင်ကိုဦး (UMK) ရေးသားသည့် "လူငယ်တွေကိုလမ်းဖွင့်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးမြသန်းက "လူငယ်တွေကိုလမ်းဖွင့်ပေးပါ" စာအုပ်မှ "အတွေးအမြင်သစ်တွေရှိပါစေ" ခေါင်းစဉ်ပါအကြောင်းအရာများကိုလည်း‌ကောင်း၊ အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင် ဒေါ်သင်းသင်းစိန်က "ကိုယ့်ရဲ့ပင်ကိုစွမ်းရည်က ဘာလဲ"၊ ဝါသနာတူလူငယ်များအသင်း (Youth Club) အဖွဲ့ဝင် မောင်ပြည့်စုံက "လူငယ်တွေကိုလမ်းဖွင့်ပေးပါ" စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။        

အဆိုပါစာအုပ်သည် လူတစ်ယောက်ရဲ့တိုးတက်မှုကို နှောင့်ယှက်ခြင်း၊ ပြောင်းလဲတိုးတက်စေခြင်းသည် ထိုသူကိုယ်တိုင်ပင်ဖြစ်ပြီး  မိမိကိုယ်တိုင်ပင် ဘဝ၏ပျော်ရွှင်မှု အောင်မြင်မှုများကိုလည်း ဖန်တီးနိုင်ပုံ၊ ဘဝနေပုံထိုင်နည်းများနှင့် ဘဝတိုးတက်အောင် လုပ်ဆောင်နိုင်ပုံတို့ကို ရေးဖွဲ့ထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ကိုမင်း (ပြန်/ဆက်)