ငွေဆောင် သြဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့ ၊ အခြေခံပညာအထက်တန်းကျောင်း ၊ အ.ထ.က( ငွေဆောင်) ၌ ယနေ့နံနက်ပိုင်းက သံဃာတော်အရှင်သူမြတ်( ၅) ပါးအား ပင့်ဖိတ်၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျောင်းကော်မတီဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် အစီအစဥ်အရ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီးနောက် တက်ရောက်လာကြသူများမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်တို့မှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ်ပေးကြသည်။ ဆက်လက်ပြီး အ.ထ.က(ငွေဆောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေမီသိန်းနှင့် ဆရာ၊ ဆရာမများမှ သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။
ထို့နောက် မရမ်းကုန်းသီလရက္ခိတကျောင်းတိုက် ၊ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ အရှင်ကေလာသမှ အနုမောဒနာတရားချီးမြှင့်၍ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကာ အခမ်းအနားသို့ တက်ရောက်လာကြသော လူပရိတ်သတ်များအား ထမင်းကျွေးမွေး ဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
ငွေဆောင်(ပြန်/ဆက်)