ဒေးဒရဲ သြဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများပြင်ပဗဟုသုတ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် မိုးရာသီကာလဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်သိရှိကာကွယ်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ နှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်စာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် ဟောပြောပွဲများ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများနှင့် သင်တန်းများ ကျင်းပပြုလုပ်ပေးလျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူထိုက်က မိုးရာသီကာလဖြစ်ပွားတတ်သည့် မုန်တိုင်းဘေး၊ လေပြင်းဘေးနှင့် ရုတ်တရက် ရေကြီး ရေလျှံမှုများ ဖြစ်ပွားလာပါက ကြိုတင်သတိပြုရှောင်ရှားရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် ဥာဏစွမ်းရည်ပြိုင်ပွဲအဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် တက်ရောက်လာသူများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း