အင်္ဂပူ ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ.ထ.က-အင်္ဂပူ၊ ငုရွှေဝါခန်းမတွင် ယနေ့နံနက်ပိုင်းက (၂၅)ကြိမ်မြောက် အဆိုအက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲဝင်မည့် ဝါသနာရှင်များ၏ ဝတ်စုံပြည့် လေ့ကျင့်ဖျော်ဖြေပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ-ထ-က(အင်္ဂပူ)မှ ကျောင်းသား၊ ကျောင်းသူများက လူရည်မွန်သီချင်းဖွင့် သီဆိုအခမ်းအနား ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ဒုတိယ ပညာရေးမှူး ဦးသိန်းဇော်တို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကြပ်မှု သဘင်ပညာရှင်အဖွဲ့မှ ဦးဟန်ဦးဦးက ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်အောင်ခရိုင်တွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းများမှ ကာလပေါ်အဆို၊ အက၊ အိုးစည်၊ ကဗျာလွတ်အကများဖြင့် ဝတ်စုံပြည့် ဖျော်ဖြေမှုအား မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုငွေများချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒုတိပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ သဘင်အစည်းရုံးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)