ဟင်္သာတ သြဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ငါးနှစ်အောက်ကလေးများနှင့်ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လ ဒုတိယပတ်အတွင်းတွင် ဟင်္သာတမြို့နယ်အတွင်းရှိ ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ လက်မောင်းလုံးပတ် တိုင်းခြင်းနှင့် အာဟာရပြည့်ဝစွာစားသုံးရန် ကျန်းမာရေးအသိပညာပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မိခင်နှင့်ကလေးအသင်းဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့က အ.ထ.က ၅ ကျောင်း အမျိုးသားခန်းမတွင် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင် ဦးဆောင်၍ ဆောင်ရွက်ခဲ့ပြီး ခရိုင်နှင့်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဟင်္သာတမြို့နယ်အတွင်းရှိ အ.ထ.ကကျောင်း ၇ ကျောင်း၊ အ.လ.ကကျောင်း ၁၀ ကျောင်း၊ မူလတန်းကျောင်း ၇၄ ကျောင်းတို့တွင် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ကြည့်ရှုစစ်ဆေးခြင်း၊ ကျောင်းအခြေပြုရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့်အစားအစာများ ဘေးကင်းစေရေးစစ်ဆေးခြင်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)