ဒေးဒရဲမြို့၌ အသက်(၆၅)နှစ်အထက်ပြည်သူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ဒေးဒရဲ သြဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ တစ်ဦးမှတစ်ဦး ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး (Pfizer)များကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ နံနက်(၈)နာရီအချိန်ကစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် ပြည်သူများ၊ အသက် (၁၈) နှစ်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့် ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်၍ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထိုးနိုင်သော ပြည်သူများအား သတ်မှတ်စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း