ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၄)တက်ရောက်

လွိုင်ကော် ဩဂုတ် ၁၆

ကယားပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အရှိန်ရရှိပြီဖြစ်၍ ပြည်သူများအဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေးကဏ္ဍအသီးသီးတွင် အချိုးညီညီတိုးတက်ရေး ဆောင်ရွက်ကြရန်ဖြစ်ပြီး ခရိုင်၊ မြို့နယ်ရုံးများအနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကဆောင်ရွက်ရမည့် ဌာနများဖြစ်၍ စနစ်တကျဖွဲ့စည်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများ ကြိုးစားအားထုတ်မှုကောင်းပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အချိန်တိုတိုအတွင်း အောင်မြင်မှုရရှိလာမည်ဖြစ်ပါကြောင်း၊ စာရင်းဇယားအချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ကြရန်နှင့် စီမံကိန်းလျာထားချက်များပြည့်မီရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် အခွန်အကောက်များပြည့်ဝစွာရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ၊ ပြန်လည်ထူထောင်ရေးနှင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဦးစာပေးအဆင့် အလိုက်ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများနှင့်စပ်လျဉ်း၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)