လေးမျက်နှာမြို့နယ် အ.ထ.ကပန်းတောကြီးကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

လေးမျက်နှာ ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အ.ထ.က ပန်းတောကြီးကျောင်းတွင် ကျောင်းသားလူငယ်များ အသိပညာတိုးပွားစေရေး၊ ဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဟုသုတရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်‌ရွှေက လူငယ်ရေးရာဟောပြောပွဲ ကျင်းပရသည့်ရည်ရွယ်ချက်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး စသည်တို့ကို ရှင်းလင်း‌ ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယာယီမြို့နယ်တာဝန်ခံ ဒေါ်အိအိထွေးက အားကစားသိပ္ပံကျောင်းနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးစီးအရာရှိ ဦးတင်ရွှေနှင့်အတူ မချိုချိုလွင်(Grade-12)က လူငယ်နှင့်ယဉ်ကျေးမှု၊ မောင်ဟိန်းမင်းခန့် (Grade-12)က လူငယ်နှင့်အားကစား၊ မမေဇင်ဦး (Grade-11)က လူငယ်နှင့် အနုပညာ၊ မောင်သက်ပိုင်ဦး (Grade-11)က လူငယ်နှင့်ကျန်းမာရေး၊ မဇင်မြင့်မွန် (Grade-11)က လူငယ်နှင့်စာဖတ်ခြင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်ကြသာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ပြီး ဦးစီးအရာရှိ ဦးတင်ရွှေက လိုအပ်သည်များကို ဖြည့်စွက်‌ဖြေကြားပေးခဲ့သည်။

အခမ်းအနားသို့ ဦးစီးအရာရှိ ဦးတင်ရွှေ၊ ယာယီမြို့နယ်တာဝန်ခံ ဒေါ်အိအိထွေး၊ ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းနှင့် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ အင်အား(၃၀၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

မိုးသက်ကို(ပြန်/ဆက်)