မုံရွာ သြဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး e-Government ဦးစီးကော်မတီ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအား ဆောင်ရွက်ခြင်းဖြင့် ပြည်သူများသည် အစိုးရ၏ဝန်ဆောင်မှုများအား Online မှတဆင့် အချိန်မရွေး၊ နေရာမရွေး သတင်းအချက်အလက်များကိုရယူ၍ အသုံးချခြင်းအားဖြင့် အချိန်နှင့် ငွေကြေးကုန်ကျမှုများ လျော့နည်းသွားမည်ဖြစ်သည့် အပြင်ဘဏ်လုပ်ငန်းများလည်ပတ် ဆောင်ရွက်မှု၊ ငွေကြေးဆိုင်ရာအချက်အလက်များ အခွန်ကောက်ခြင်းကိစ္စရပ်များနှင့် Digital Payment များအား ပိုမိုအသုံးပြုနိုင်မှုများမြှင့်တင်နိုင်ခြင်းဖြင့် အဂတိတိုက်ဖျက်ရေးကိုပါ အကောင်အထည်ဖော် ဆောင်ရွက်ရာရောက်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် e-Government စနစ်အားအသုံးပြု၍ ရုံးလုပ်ငန်း စနစ်များ ပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နှင့်ချိတ်ဆက်၍ နိုင်ငံတော်မှဖော်ဆောင်ထားသည့် EDMS Mail စနစ်အား Communication Center(CC) ရုံးခန်းဖွင့်လှစ်၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်(၁၃) ခရိုင်မှ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းတစ်ဦးစီဖြင့် ရုံးလုပ်ငန်းများအား ဆောင်ရွက်လျက် ရှိပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မျက်ခြေမပျက် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်း e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ပါမောက္ခချုပ်နှင့် တွဲဖက် အတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် များတွင် e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက်တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်း e-Government စနစ် အကောင် အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုမှုနှင့် လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက်တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)