ကလေးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ

ကလေး ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၇)၊အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကလေးမြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုံက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်လေးလေးလှိုင်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ စာပဒေသာဝေဆာစေမည် Video Clip ကို ပြသခဲ့ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းစာကြည့်တိုက်အတွက် လှူဒါန်းသော သုတ၊ ရသ စာအုပ်များကို မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့ဝင်များက အသီးအသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်ပိုစတာများ၊ စာအုပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)