ထားဝယ် ဩဂုတ် ၁၆
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်နှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က စာဖတ်ခြင်းသည်စာဖတ်သူအတွက် အသိပညာကျယ်ပြန့်စေရုံသာမက စိတ်နှလုံးကိုလည်း သိမ်မွေ့စေပြီး တွေးတောဆင်ခြင်နိုင်သည့် စွမ်းရည်ကိုမြင့်မားစေကြောင်း၊ စာဖတ်ခြင်းကစိတ်ကူးစိတ်သန်းများ၊ ဖန်တီးနိုင်စွမ်းများကိုပါ တိုးတက်စေပြီး ကိုယ့်အတွက် အသိပညာနယ်ပယ်တွေကို ကျယ်ပြန့်လာစေကြောင်း၊ အနာဂတ်တွင်နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား/သူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန် စသည့်အချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ အလယ်တန်းအဆင့်ကျောင်းသား/သူများက “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ပုံပြင်ပြောပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာမများနှင့် ကျောင်းသား/သူများ က စိတ်ပါဝင်စားစွာ နားထောင်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ အကဲဖြတ်ဒိုင်များက ကျောင်းသား/သူများ၏ယှဉ်ပြိုင်မှုရလဒ်များကို စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး တာဝန်ရှိသူများက(ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ်ဆု)ရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ကာ ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/သူများအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်သည်။
ထိုနောက် ကျောင်းသား/ကျောင်းသူများက အရုပ်ဆက်အား ပျော်ရွင်စွာ ကစားကာ ပုံပြင်စာအုပ်နှင့်အရုပ်ပြစာအုပ်အား ဖတ်ရှု့ပြီး စာဖတ်စွမ်းရည်အား ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)