ကျုံပျော် ဩဂုတ် ၁၆
ကျောင်းသားလူငယ်များ အသိပညာ၊ ဗဟုသုတ တိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးဆောင်ကာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ရွာသစ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
ရှေဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဌေးက ဟောပြောပွဲမှ အကြောင်းအရာများကို ကျောင်းသားလူငယ်များ ဂရုစိုက် မှတ်သားကြရန်နှင့် အလေ့အကျင့်ကောင်းများကို ကျင့်သုံးလိုက်နာပြီး လူကောင်းလူတော်များ ဖြစ်အောင် ကြိုးစားကြရန်တို့ကို အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်က အားကစား၏ အဓိပ္ပါယ်၊ တစ်ကိုယ်ရည် ပြုလုပ်နိုင်သော အားကစား နည်းများအကြောင်း၊ လမ်းလျှောက်ခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ကျန်းမာရေး အပါအဝင် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ ဖြစ်ပေါ်လာရေး ကြိုးစားကြရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ယင်းနောက် ကျောင်သား၊ ကျောင်းသူလေးများက သိလိုသည်များအား မေးမြန်းရာ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းနိုင်က ပြန်လည်ရှင်းလင်း ဖြေကြားပြီး၊ ကျောင်းတွင် အသုံးပြုရန် အားကစားပစ္စည်းများအား ကျောင်းအုပ်ဆရာကြီးထံ ပေးအပ်လှူဒါန်းခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)