မင်းလှ ဩဂုတ် ၁၆
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းကာ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်း (မြို့တွင်း) ကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာမိုးကအမှာစကားပြောကြား၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းနှင့် ကျန်းမာရေးဗဟုသုတဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမူအဖြစ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း၊ ကျောင်းကျန်းမာရေးဆရာမ ဒေါ်စန်းစန်းဝင်းနှင့်အဖွဲ့တို့က မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများကို စနစ်မှန်သွားတိုက်နည်းပြသပေးခြင်းနှင့် သွားတိုက်တံများဝေငှပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ အရပ်တိုင်းခြင်း၊ ကျန်းမားရေးစစ်ဆေးကုသပေးခြင်း၊ ကျန်းမားရေးနံရံကပ် စာစောင်များပြသခြင်းတို့ ပြုလုပ်ပေးခဲ့ပြီး ကျောင်းမုန့်စားတန်းဈေးဆိုင်များကို ကျန်းမားရေးနှင့်ညီညွှတ်စေသော အစားအသောက်များရောင်းချနိုင်ရန် စစ်ဆေးခြင်းတို့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)