ကြံခင်းမြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

ကြံခင်း ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတ တိုးပွားလာစေရေးနှင့် ဥာဏ်ရည် ဥာဏ်သွေး ထက်မြက်လာစေရန်၊ လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အ.မ.က(သမ္ဘရာအင်းလေး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြင့် ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၂၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်ပြပွဲကို  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်းစားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)