ဟင်္သာတမြို့၌ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)ကျင်းပ

ဟင်္သာတ သြဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၄)ကို  ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး က "ခရိုင်အဆင့် ပြိုင်ပွဲဖြစ်တဲ့အတွက် မြို့နယ်များမှ ပြိုင်ပွဲဝင်များကို စနစ်တကျ လေ့ကျင့်ရွေးချယ် စေလွှတ်ပေးရန်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်များအတွက် စစ်မှန်ထူးချွန်သော ပြိုင်ပွဲဝင်များဖြစ်အောင် သက်ဆိုင်ရာကော်မတီများက ပူးပေါင်းဆောင်ရွက်ကြရန် ၊ မြန်မာ့ရိုးရာ ယဥ်ကျေးမှုကို ချစ်မြတ်နိုးပြီး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေး လူငယ်လူရွယ်များအား လေ့ကျင့်ပျိုးထောင်ပေးကြရန်၊ သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် မိမိတို့တာဝန်ကို စိတ်စေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်" စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်အဆင့် ကော်မတီဝင်များက မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသော ကော်မတီ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက် ပြီးစီးနေမှုအခြေအနေများ၊ ပြိုင်ပွဲဝင်များ လေ့ကျင့်နေမှု အခြေအနေများ၊ ခရိုင်အဆင့်မှ တိုင်းအဆင့်ပြိုင်ပွဲတွင် သတ်မှတ်ဘာသာရပ်များအလိုက် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ဆက်လက်ချိတ်ဆက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဟင်္သာတ၊ ဇလွန်၊ ​လေးမျက်နှာမြို့နယ်များမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့မြို့နယ်များအလိုက် ဝင်ရောက်ယှဥ်ပြိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ခရိုင်ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီများအလိုက် ရှင်းလင်းတင်ပြမှုများ၊ မြို့နယ်သဘင်၊ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)