ရေနံချောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုနှင့် အစာအုပ်စုသုံးအုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲအခမ်းအနား ကျင်းပ

ရေနံချောင်း ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုနှင့် မူလတန်းအဆင့် အစာအုပ်စုသုံးအုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။ 

အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချိုချိုနွယ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းက မိသားစုအတွက် နေ့စဉ်ချက်ပြုတ်ရာတွင် အစာအာဟာရအုပ်စု သုံးအုပ်စုလုံး မျှတစွာပါဝင်ရန်နှင့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို အရသာရှိပြီး အာဟာရဓာတ်မပျက်စေရေး စီမံဆောင်ရွက်တတ်စေရန်နှင့် အစာအုပ်စု သုံးအုပ်စုအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မူလတန်းအဆင့် အစာအုပ်စုသုံးအုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကျောင်းကျန်းမာရေးသီတင်းပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ် မေးခွန်း (၁၀၀)ဖြေဆိုပွဲကို တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)