ကန့်ဘလူမြို့ အ.ထ.က(၁)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကန့်ဘလူ ဩဂုတ် ၁၆

ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှု အင်အားကောင်းလာစေရန်နှင့် မိမိတို့ အတွေးအမြင် ဗဟုသုတများကို အချင်းချင်း မျှဝေဆွေးနွေး ဖလှယ်တတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကိုယနေ့နံနက် (၉) နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် အ.ထ.က(၁) ကန့်ဘလူတာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ဌာန၏ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ဆောင်ရွက်၍ G- 10 မှ မောင်သောင်းကိုက လူငယ်နှင့်စာဖတ်ခြင်း၊ မယဥ်ယဥ်ခိုင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ၊ G- 11 မှ မခက်ဆုရည်က လူငယ်နှင့်ရည်မှန်းချက်၊ မသီရိရှင်းသန့်က လူငယ်နှင့်အနာဂတ် ၊ မောင်ထက်စည်သူအောက်က လူငယ်နှင့်အားကစား စသည့်ခေါင်းစဥ်တို့ကို တစ်ဦးချင်းအလိုက် ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)