မုံရွာ နိုဝင်ဘာ ၁၉
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေများမှ ငွေကျပ် (၂၅၁၉.၇၇) သန်း အကုန် အကျခံကာ မုံရွာမြို့ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မုံရွာမြို့ နယ် စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံမှ သိရသည်။
မုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီးလွှတ်တော်ရုံးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာရုံးများ စိုက်ရာမြို့ဖြစ်သည်နှင့်အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေး မြို့တွင်းလမ်းများ၊ တံတားများ၊ Box Culvert များကို အဆင့် မြှင့် တင်ခြင်း လုပ်ငန်းများ၊ ရေပေးဝေရေးလုပ်ငန်းများ၊ မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေး ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းနှင့် အခြားလုပ်ငန်းများကို လုပ်ဆောင်ပေးသွားမည် ဖြစ်သည်။ “မြို့နယ်စည်ပင်သာယာရေးကော်မတီ ငွေလုံးငွေရင်းရန်ပုံငွေရယ်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ထောက်ပံ့ငွေတွေနဲ့ မြို့တွင်းလမ်းများ၊ တံတားများ၊ Box Culvert များကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ရေပေးဝေရေးလုပ်ငန်းများ၊ မြို့တွင်းရေစီး ရေလာ ကောင်းမွန်ရေး ရေမြောင်းများ ပြန်လည်တူးဖော်ခြင်းနှင့် အခြား လုပ်ငန်းများကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်၊ အခုဘဏ္ဍာရေးနှစ်မှာ လုပ်မဲ့လုပ်ငန်းတွေကို အောက်တိုဘာလ ဒုတိယအပတ် ကတည်းက စလုပ်ဆောင်နေပါတယ်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ ငွေလုံးငွေရင်းရန်ပုံငွေနဲ့ လုပ်တဲ့လုပ်ငန်းတွေက (၄၃) ရာခိုင်နှုန်း ပြီးပါပြီ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေနဲ့ လုပ်တဲ့ လုပ်ငန်းတွေကတော့ (၂၁) ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်” ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေး ကော်မတီ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၀၇၀.၆၄၀) သန်းဖြင့် (၅) မိုင် (၃.၂) ဖာလုံအရှည်ရှိ မြို့တွင်လမ်း (၂၁)လမ်းအား လည်းကောင်း၊ မြို့တွင်းတံတား Box Culvert (၁၁)စင်း၊ ရေမြောင်းနှင့် ရေမြောင်းဖုံးခြင်းလုပ်ငန်း၊ အရှည် (၅၂၀)ပေရှိ ရေမြောင်းတူးဖော်ခြင်းနှင့် ရေပေးရေးလုပ်ငန်းများ၊ အဆောက်အဦ၊ မော်တော်ယာဉ်များပြုပြင် ထိန်းသိမ်းခြင်းနှင့် ဈေးများပြင်ဆင်ခြင်း လုပ်ငန်းများအပါအဝင် အခြားလုပ်ငန်း (၄၉) ခုအားလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ငွေကျပ် (၁၄၄၉.၁၃)သန်းဖြင့် မြို့တွင်းလမ်း အရှည် (၁၅)မိုင် (၄.၅၃)ဖာလုံရှိ လမ်း(၂၆)လမ်းအား လည်းကောင်း၊ အရှည် (၅၆၀)ပေရှိ ရေမြောင်းတူးဖော် ခြင်းလုပ်ငန်းနှင် အခြားလုပ်ငန်း (၁၆)ခုတို့အား လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)