ပြည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနား" ကျင်းပ

ပြည် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် "ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနား" ကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းခွဲပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်းက အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်အတူ ကျန်းမာကြံ့ခိုင်ပြီး ကာယဗလအပါအဝင် ဗလငါးတန်နှင့်ပြည့်စုံသော ဘက်စုံထူးချွန်ထက်မြက် သည့် အနာဂတ်၏သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာစေ‌ရန်နှင့် အမြဲသန့်ရှင်းသာယာလှပ‌သော စာသင်ကျောင်းများဖြစ်ပေါ်လာရေးအတွက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်တာဝန်ရှိသူများက မြို့နယ်အတွင်း ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်ကျင်းပခဲ့သော အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ပန်းချီ၊ စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်ပြီး ကျန်းမာရေးဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့်နှင့် စနစ်မှန်သွားတိုက်နည်းတို့ကို လက်တွေ့သရုပ်ပြခဲ့ကြပြီး တာဝန်ရှိသူများက ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားတွင် ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေးပြခန်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)