ကျုံပျော်မြို့နယ်၊ ရွာသစ် အ.လ.ကတွင် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းများဆောင်ရွက်

ကျုံပျော် ဩဂုတ်  ၁၆

ပြည်သူများ၊ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အနာရောဂါကင်းရှင်း၍ ကျန်းမာရေးပိုမိုကောင်းမွန်စေရန်အတွက် တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ ဟောပြောခြင်းနှင့် အခမဲ့ဆေးကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျုံပျော်မြို့ (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော်က ရွာသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရေ သန့်ရှင်းကျန်းမာရေးနှင့် သက်ရှည်ကျန်းမာအောင် စားသောက်နေထိုင်နည်းစသည့် အကြောင်းအရာများအား အသိပညာပေး ဟောပြောပြီး မိမိတို့ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေအား သတင်းစကား ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

ထို့နောက်ဆေးရုံအုပ်ကြီး ဦးဆောင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းအလိုက် တိုင်းရင်းဆေးအခမဲ့ကုသခြင်းများကို ဆောင်ရွက်ကာ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများ လာရောက်ဆောင်ရွက်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ဝမ်းမြောက်ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)