ပဲခူး ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ရင်းနှီးမြှုပ်နှံနိုင်သည့်မြေနေရာများရှိခြင်း၊ လုပ်သားအင်အားပေါကြွယ်ဝခြင်းစသည့် အခြေခံကောင်းများပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီး၌ အလုပ်ရှင်အလုပ်သမား ပြဿနာဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်အေးချမ်းစွာဖြင့် စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖွဲ့စည်းပေးထားသည့် စက်မှုဇုန်ကြီးကြပ်ရေးနှင့် စစ်ဆေးရေးကော်မတီအဖွဲ့ဝင်များအနေဖြင့် တည်ဆောက်ဆဲ စက်ရုံ/အလုပ်ရုံများ၏ တည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာမှုမရှိစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ စက်ရုံ/အလုပ်ရုံများ ရေရှည်ရပ်တည်လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ပေးရမှာဖြစ်သလို လုပ်သားအများစုသည် မိမိတို့နိုင်ငံသားများဖြစ်၍ လုပ်သားများ၏ရပိုင်ခွင့်များ၊ အခွင့်အရေးများပြည့်ပြည့်ဝဝ ရရှိခံစားနိုင်စေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ လုပ်သားအင်အားများများ အလုပ်အကိုင်ရရှိနိုင်သည့် CMP လုပ်ငန်းများကိုလည်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အဖွဲ့ဝင်တစ်ဦးက ပြည်ပရင်းနှီးမြှုပ်နှံမှု အလုပ်ငန်းသစ်တစ်ခု၊ လည်ပတ်လျက်ရှိသည့် စက်ရုံ(၃)ခုမှ ကုန်ကြမ်းပစ္စည်းအသစ် တိုးတက်တင်သွင်းခွင့်တောင်းခံခြင်းစသည့် အမှုတွဲဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက တင်ပြလာသည့် အမှုတွဲများနှင့်ပတ်သက်၍ အကြံပြုတင်ပြခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)