စလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

စလင်း သြဂုတ် ၁၆

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် စလင်းမြို့နယ်တွင်  ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး  ရက်သတ္တပတ်လှုပ်ရှားမှု  ဒုတိယပတ်အနေဖြင့်  ကိုယ်ဝန်ဆောင်မိခင်များနှင့်  အသက်(၅)နှစ်အောက်ကလေးငယ်များအား  ဗီတာမင်အေနှင့်  အစားအသောက်ကိုယ်ခန္ဓာဖွံ့ဖြိုးခြင်း ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဆေးပေးခန်းရှိ  အစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် (၅)နှစ်အောက်ကလေးများ၏ မိခင်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်  အသိပညာပေးဟောပြောဆွေးနွေးရခြင်းအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးဆရာမ ဒေါ်သင်းသင်းမွှေးက ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား  ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးများအကြောင်းနှင့် ကိုယ်ဝန်ဆောင်နေစဥ်ကာလအတွင်း အစားအသောက်၊ နေထိုင်ပုံစံနှင့် ဆောင်ရန်/ရှောင်ရန်များ၊ ကလေးငယ်များတွင်  ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်နိုင်သောနည်းလမ်းများကို  ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးဆရာမ ဒေါ်သင်းသင်းမော်က နို့တိုက်မိခင်များ ကလေးငယ်များအား နို့ချိုတိုက်ကျွေးပုံအမှန်နှင့် အမှားတိုက်ကျွေးပုံစံများကို ကလေးငယ်တစ်ဦးဖြင့် လက်တွေ့သရုပ်ပြသရှင်းလင်းပြောကြားခဲ့ပြီး၊ အသီးအရွက်၊ အသား၊ ငါးများကို ကျွေးခြင်းဖြင့်  အဟာရဖြည့်တင်းနိုင်မှု၊ ကိုယ်ဝန်ဆောင်ကာလမှ ကလေးမွေးဖွားချိန်ကာလအတွင်း  အိုင်အိုဒင်းဆားချို့တဲ့မှုကြောင့် ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများအကြောင်းတို့ကို  ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးခဲ့သည်။

မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် ကျန်းမာရေးဆရာမများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ  ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များအား  ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်း ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အာဟာရချို့တဲ့သော ကလေးငယ်များအား  အာဟာရဖြည့်နို့မှုန့်များဝေငှခြင်း  တစ်ကိုယ်ရေကျန်းမရေးစောင့်ရှောက်မှု၊ သန့်ရှင်းသပ်ရပ်မှုများကို  ဆွေးနွေးမေးမြန်းခြင်းများ  ဆောင်ရွက်ခဲ့သည်။ စလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် ပထမပတ်တွင် မိခင်နှင့်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယပတ်တွင်  ငါးနှစ်အောက်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဆောင်ရွက်ခဲ့ပြီး၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ စတုတ္ထပတ်တွင်  အိုင်အိုဒင်းဆားချို့တဲ့ ရောဂါပပျောက်ရေးလုပ်ငန်းများကိုရက်သတ္တပတ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါအခမ်းအနားသို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် (၅)နှစ်အောက်ကလေးမိခင်များ စုစုပေါင်းအင်အား  (၈၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။

မောင်လွင်(စလင်း)